ကလောမြို့နယ်၌ (၁/၂၀၂၃) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲ ကျင်းပ

ကလော အောက်တိုဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မိမိတို့မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက စနစ်တကျဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (၁/၂၀၂၃) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကလောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်အောင်မိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကလောမြို့နယ်စီမံချုပ်ရေးအဖွဲ့ဝင်(၁)၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား တူညီဝတ်စုံများပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို ကလောမြို့နယ်အတွင်းရှိ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ဘော်ဆိုင်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့ကို သင်တန်းကာလ အောက်တိုဘာလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်ဝင်း(ပြန်/ဆက်)