မိုးညှင်း အောက်တိုဘာ ၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်း ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းနွဲ့က အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက လူငယ်လူရွယ်များ အတတ်ပညာ အသိပညာ ဗဟုသုတများ တိုးပွား လာစေရန်၊ ကာယဉာဏ စာရိတ္တမိတ္တ ဘောဂဟူသည့် ဗလငါးတန်နှင့် ပြည့်ဝစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်းရင်းနှီးချစ်ခင်စွာဖြင့် အမြင်ချင်း ဖလှယ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လူအများရှေ့တွင် ပြောရဲဆိုရဲမှုရှိတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးမေက စတင်ဆွေးနွေးပြီး အဆိုပါ အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ မောင်ခန့်ဇေယျာမင်းက လူငယ်နှင့်စာပေ၊ Grade-9 မှ မမေသော်တာစံက လူငယ်နှင့် မူးယစ်ဆေး၊ Grade-10 မှ မောင်အောင်ကျော်ကျော်မျိုးက လူငယ်နှင့် စာရိတ္တ၊ Grade-11 မှ မနှင်းနန္ဒာအေး လူငယ်နှင့် ဗလငါးတန်နှင့် Grade-12 မှ မနန္ဒာကျော်တင့်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြရာ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလို သည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ကြပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း