ချောင်းဆုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အတတ်ပညာသင်ယူနိုင်မှု အခွင့်အလမ်းများဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ချောင်းဆုံ အောက်တိုဘာ ၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများအားလုံး အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအတတ်ပညာသင်ယူနိုင်မှု အခွင့်အလမ်းများနှင့်ပတ်သက်၍ မွန်ပြည်နယ်အခြေခံပညာဦးစီးဌာနမှ အသိပညာပေးဟောပွဲကို ယနေ့နံနက်(၉)နာရီက ရွာလွတ်(အ.ထ.က)ကျောင်းပညာဂုဏ်ရောင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မော်လမြိုင်ခရိုင်ပညာရေးမှူးဒေါက်တာခင်သူဇာက Grade-9 အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်ပညာသင်ယူနိုင်မှု အခွင့်အလမ်းများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများနားလည်အောင် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မွန်ပြည်နယ် အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အခွင့်အလမ်းများဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ထပ်ဆင့်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းကို လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ချောင်းဆုံမြို့နယ် ရွာလွတ်(အ.ထ.က)ကျောင်း၌ တွဲဖက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး မော်လမြိုင်ခရိုင်အတွင်းရှိ ကျောင်းသား/သူများ တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စက်မှုပညာ ကျောင်းသား/ သူ(၉၀) ဦး၊ စိုက်ပျိုးရေးပညာကျောင်းသား/သူ(၃၀)ဦးနှင့် မွေးမြူရေးပညာ ကျောင်းသား/သူ (၃၀)ဦး စုစုပေါင်း(၁၅၀)ဦးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်သူများကို ထောက်ပံ့ငွေ(၁)သောင်းကျပ်နှုန်းဖြင့် လစဉ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)