လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အ.ထ.က ကျိုက်မရော၌ လူငယ်စကားဝိုင်းကျင်းပ

ကျိုက်မရော အောက်တိုဘာ ၄

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ပညာအားမာန် ) ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနော်ခမ်းက ကျောင်းသားနှင့်အွန်လိုင်း ဂိမ်းအန္တရာယ်အကြောင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်သန့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မလင်းလင်းထက်က လူငယ်နှင့်စာဖတ်ခြင်း၊ မအိသက်မွန်က လူငယ်နှင့်မူးယစ်ဆေး၊ မောင်သန်းထိုက်ဦးက လူငယ်နှင့်ကျန်းမာရေး၊ မောင်ဘုန်းပြည့်စုံက လူငယ်နှင့်ကိုယ်ကျင့်တရား၊ ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားကြသည်။

အခမ်းအနားအပြီးတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင် များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရူခဲ့ကြကြောင်း သိရသည်။

 ကျိုက်မရော (ပြန်/ဆက်)