မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေး အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၃ ရက်နေ့မွန်းလွဲ ၂ နာရီက အောင်မြေသာစံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းတရားလွှတ်တော်ဒေသကြီးတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် သဘင်အစည်းအရုံး၊ ဂီတအစည်းအရုံးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ၊ အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်တို့က အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်၍ ဆုရရှိသူများ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ(ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အုပ်ချုပ်သူအား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)အား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက် အထိကျင်းပခဲ့ပြီး ခရိုင် (၁၁)ခရိုင်မှ ပြိုင်ပွဲဝင်(၅၈၁)ဦးက ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူ စုစုပေါင်း (၁၉၅)ဦး ပေါ်ထွက်ခဲ့ကြောင်း၊ ပထမဆုရရှိသူများအနေဖြင့် နေပြည်တော်တွင်ကျင်းပမည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ စခန်းသွင်းလေ့ကျင့်ခြင်းကို အောက်တိုဘာ ၇ ရက်မှ ၂၁ ရက်အထိပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)