ကလေးပြုစုရေးဌာန RC သုံးထပ်ကျောင်းဆောင်သစ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်ဖွင့်လှစ်ပေး

မန္တလေး အောက်တိုဘာ ၄

ကလေးပြုစုရေးဌာန (မန္တလေး) RC သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃ဝx၆၃ လမ်းထောင့်ရှိ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာဦးစီးမှူးများ၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ သင်တန်းကျောင်းအသီးသီးမှ ကျောင်အုပ်ကြီးများ တက်ရောက်ကြသည်။

အစီအစဉ်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်တို့က RC သုံးထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကလေးပြုစုရေးဌာနရှိ ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါ သုံးထပ်ကျောင်းဆောင်သစ်သည် ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၅၇၀.၇၂၅ သန်းဖြင့် တည်ဆောက်ထားသော အလျား ပေ ၁၂၀၊ အနံ ပေ ၅၀ RC အဆောက်အဦဖြစ်ပြီး မြေညီထပ်တွင် သင်ထောက်ကူအခန်း ၄ ခန်း၊ ပထမထပ်တွင် သင်ထောက်ကူအခန်း ၄ ခန်း၊ အပေါ်ဆုံးထပ်တွင် အစည်းအဝေးခန်မတစ်ခု၊ ခန်းမငယ်တစ်ခုပါဝင်ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)