မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်စစ်ဆေးခြင်းနှင့်  အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပ အောက်တိုဘာ

ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ပညာကောင်းမွန်စွာသင်ယူနိုင်စေရန်၊  အနာဂတ်အတွက်အားထားရသည့် သားသမီးရတနာများ ဖြစ်နိုင်ကြစေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၉)ကျောင်းနှင့် အ.ထ.က(ခွဲ)(၁၀)ကျောင်းတို့တွင် ယနေ့နံနက် နာရီကစတင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားကျန်းမာရေးဆရာဝန် ဦးစီးအရာရှိဦးတင်ထွန်းဦးက တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာစွာနေထိုင်ရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေအဖြစ် အရပ်နှင့်ကိုယ်ခန္ဓာအလေးချိန်စစ်ဆေးခြင်း၊ အရေပြားရောဂါ ရှိ/မရှိစစ်ဆေးခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောင်ရောဂါစသည့် သွားနှင့်ခံတွင်းကျန်းမာရေးအခြေအနေ၊ အမြင်အာရုံချို့ယွင်းခြင်း၊ မျက်စိ၊ နားရောဂါစသည့် ရောဂါအခြေအနေများစစ်ဆေးခြင်း၊ နားပြည်ယိုခြင်း၊ နားလေးခြင်းရှိ/မရှိ၊ အာသီးရောင်ခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်းကြီးခြင်း၊ လည်ပင်းအကျိတ်ကြီးခြင်းစသည့်ရောဂါများ၊ နှလုံးနှင့်အခြားရောဂါများရှိ/မရှိစစ်ဆေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးတိုက်ကျွေးခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားကျန်းမာရေးဆရာဝန် ဦးစီးအရာရှိဦးတင်ထွန်းဦးနှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်းကျောင်း(၈)ကျောင်းနှင့် မူလတန်းကျောင်း(၄၅)ကျောင်းရှိပြီး ကျန်ရှိသည့်ကျောင်းများသို့လည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြမြဝင်း(ပြန်/ဆက်)