မြစ်ကြီးနား အောက်တိုဘာ ၄
ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
ထို့သို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေအသုံးချမှုများနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေး ဆုံးဖြတ်သွားရန်လိုကြောင်း၊ လယ်ယာမြေများပေါ်တွင် အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကျူးကျော်နေထိုင်ခြင်းများကို ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေး စိစစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက်ရှိပြီးသား လယ်မြေများကို တခြားနည်းအသုံးချမှု မရှိစေရေး အလေးထားလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက လယ်ယာမြေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်သွားရမည့် လုပ်ငန်းဆိုင်ရာ များကို ရှင်းလင်းတင်ပြပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဆုံးဖြတ်ချက်ချမှတ်ပေးရမည့် လယ်ယာမြေကို အခြားအသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊ ၂/၂၀၂၃ အစည်းအဝေးမှ တင်ပြချက်အရ ပြန်လည်ဆွေးနွေးဆုံးဖြတ်ရန် အတည် ပြုခဲ့သည့် လယ်ယာမြေ ဥပဒေပုဒ်မ (၃၀-ခ) အရ လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများကို စိစစ်တင်ပြမှုများ၊ ခွင့်ပြုချက်မရရှိမီ ကြိုတင်အသုံးပြုသဖြင့် လယ်ယာမြေဥပဒေပုဒ်မ (၁၉)အရ ဒဏ်ကြေး ပေးဆောင်ရန် အဆိုပြုတင်ပြသည့် လုပ်ငန်းစာတွဲများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများနှင့် စပ်လျဉ်း၍ တင်ပြလာမှုများကို အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ်အရေးယူဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို အဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသည်။ ထို့အတူ နံနက်ပိုင်းက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်နှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြို့သစ်ရပ်ကွက် စိမ်းမြဧရာပန်းခြံရှေ့ လမ်းဘေးဝဲယာ တစ်လျှောက် အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြတ်ရိတ်ခြင်း၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း တို့အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့် အတူ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တွင်းလမ်းမကြီးဖြစ် သည့်အတွက် ရာသီအလိုက်အလှပန်းပင်များဖြင့် ဝေဆာလှပနေစေရေးနှင့် စဥ်ဆက်မပြတ် သန့်ရှင်းသပ်ရပ်နေစေရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရမ်ပူရပ်ကွက် သက်သာချောင်ချိရေး အခွန်လွတ်စျေးသို့ ရောက်ရှိပြီး ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် သက်သာစျေးတွင် ကြက်၊ ဝက်၊ အမဲ၊ ငါးများ ရောင်းချပေးနေမှု၊ ဆန်ရောင်းချပေးနေမှု၊ စားသုံးဆီ ရောင်းချပေးနေမှု၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား ပြည်သူများ စနစ်တကျ စီတန်းဝယ်ယူနေမှုတို့ကို ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့ကြပြီး ဝယ်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဖြေရှင်းပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအဆင်ပြေ လွယ်ကူစွာ ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်၊ စားသုံးဆီများအား ရပ်ကွက်နေပြည်သူအားလုံး ဝယ်ယူရရှိနိုင်ရေး စနစ်တကျ ရောင်းချပေးရန်၊ ဟင်းသီးဟင်းရွက်နှင့် သား/ငါးများ အား စားသုံးသူအန္တရာယ် ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်ပြီးမှ ရောင်းချသွားနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်