နေပြည်တော် အောက်တိုဘာ ၄
၂၀၂၃ခုနှစ်၊ အောက်တိုဘာ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ဆုများ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)