သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မန္တလေး အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် Hotel Mandalay ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဘိုးဘွားများမိတ်ဆက်ခြင်း၊ ပါမောက္ခဒေါက်တာဦးမြင့်ဟန်က သက်ကြီးပုဂ္ဂိုလ်များ၏ သဘောသဘာဝနှင့် သက်ကြီးဖြစ်စဉ်များအကြောင်း အသိပညာပေးပြောကြားခြင်း၊ တက်ရောက်လာသည့် ဘိုးဘွားများကအုပ်စုများခွဲ၍ သက်ကြီးပုဂ္ဂိုလ်များကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဖြင့် သက်ကြီးဘဝတွင် ရရှိနိုင်သောအကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ဆွေးနွေးခြင်း၊ သက်ကြီးပုဂ္ဂိုလ်များအား စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုနှင့်စပ်လျဉ်း၍ဆွေးနွေးခြင်း၊ သက်ကြီးသူများအတွက် အာဟာရ၊ သက်ကြီးများ၌ ဖြစ်တတ်သောရောဂါများနှင့် စပ်လျဉ်း၍ဆွေးနွေးခြင်း၊ သက်ကြီးပုဂ္ဂိုလ်များ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပုံမှန်ဝင်ငွေရရှိရေးဆိုင်ရာနှင့် စပ်လျဉ်း၍ဆွေးနွေးခြင်း၊ ဂေဟာမှဘိုးဘွားများအတွက် ဝန်ဆောင်မှုဆိုင်ရာများနှင့် စပ်လျဉ်း၍ဆွေးနွေးခြင်း၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့်အခန်းကဏ္ဍများတွင် သက်ကြီးပုဂ္ဂိုလ်များကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရရှိမှုနှင့် စပ်လျဉ်း၍ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးချက်များကို ဌာနအလိုက်တာဝန်ရှိသူများက အနှစ်ချုပ်ပြန်လည်ဆွေးနွေးခြင်း၊ ဘိုဘွားတစ်ဦးချင်းစီ၏ ရင်တွင်းခံစားချက်များ ရေးသားခြင်းစသည့်အချက်များ ပါဝင်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဘိုးဘွား(၅၀)ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲမှာ နံနက်(၁၀)နာရီမှ ညနေ(၄:၃၀)နာရီအထိဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)