နမ္မတူမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းနှင့်အသိပညာပေး နံရံကပ်စာစောင်များပြသ

နမ္မတူ အောက်တိုဘာ ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို အောက်တိုဘာလ (၂)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ  လူငယ်စကားဝိုင်းတွင် ရှေ့ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအား ကျင်းပခဲ့ရာ (Grade-11)မှ ကျောင်းသူ မချမ်းနန်က “လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-11)မှ ကျောင်းသား မောင်စည်သူက “လူငယ်နှင့် ကြီးပွားရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-10)မှ ကျောင်းသူ မနန်းလှလှဝင်းက “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-10)မှ ကျောင်းသား မောင်ထက်အာကာဇော်က “လူငယ်နှင့် ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-10)မှ ကျောင်းသူ မထက်အိန္ဒြေမြင့်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်ကျောင်းသားကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။

ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူ(၂၀၀)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံ ဆရာမ ဒေါ်နန်းခမ်းညွန့်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)