ဘူးသီးတောင်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘူးသီးတောင် အောက်တိုဘာ ၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်ပါဝင်သော ဌာနဆိုင်ရာတာဝန်ခံများ၊ အများယုံကြည်လေးစားခြင်းခံရသော ပြည်သူများနှင့် ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေလည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းက အမှာစကားပြောကြားရာတွင် လူဦးရေစာရင်း ပြုစုခြင်းကိစ္စ၊ Soft Ware ကိစ္စ၊ ပါတီရုံးစစ်ဆေးရန်ကိစ္စ၊ ဥပဒေ၊ နည်းဥပဒေကိစ္စ၊ ကော်မရှင်အဖွဲ့ခွဲဖွဲ့စည်းမှု၊ ပါတီဝင်အင်အား စစ်ဆေးရန်ကိစ္စ၊ ပါတီဝင်စည်းရုံးရေးရုံးစစ်ဆေးရန်ကိစ္စတို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်ပါဝင်သော ဌာနဆိုင်ရာတာဝန်ခံများ၊ ပြည်သူများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်တာဝန်ခံဦးသန်းအေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သောဌာနဆိုင်ရာတာဝန်ခံများ၊ အများယုံကြည် လေးစားခြင်းခံရသောပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)