တန့်ယန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်လမ်း ဆောင်ရွက်ပေးလျှက်ရှိ

တန့်ယန်း  အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပေးရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် နမ့်ဟူးလွယ်ကာကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ နမ့်ဟူးလွယ်ကာကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)၏ ထောက်ပံ့ရန်ပုံငွေမှ ကျပ်သိန်း (၁၅၀)နှင့် ကျေးရွာနေ ပြည်သူလူထု၏ လုပ်အားတန်ဖိုးပါဝင်မှု ငွေကျပ်သိန်း (၆၀ ဒဿမ ၈)၊ စုစုပေါင်း ငွေကျပ် (၂၁၀ ဒဿမ ၈)သိန်းဖြင့် အရှည် (၇၇၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု(၆)လက်မရှိ လမ်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်နှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြီးကြပ်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီးအဆိုပါ လမ်းပြီးစီးပါက အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် ဆက်သွယ်သွားလာနိုင်မည့်အပြင် ကုန်ထုတ်လမ်းများနှင့်ပါ ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း သိရသည်။                  

မင်းလွင်ဦး(ပြန်/ဆက်)