စစ်တွေ အောက်တိုဘာ ၃
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း ၍ ပြန်လည်ထူထောင်ရေးအတွက် လတ်တလောကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့် ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ စာရင်းတွေ့ရှိချက်များနှင့် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့(ASEAN-ERAT)အဖွဲ့တို့၏ အစီရင်ခံစာပါ တွေ့ရှိချက်များကိုနှိုင်းယှဉ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့သည့်အပေါ်တွင် နိုင်ငံတော်အကြီးအကဲ၏မှတ်ချက်ပြု ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လတ်တလောကာလ၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများရေးဆွဲထားရှိမှုအပေါ် ဆွေးနွေးသုံးသပ်အတည်ပြုရန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အစည်းအဝေးကို စက်တင်ဘာလ နောက်ဆုံး အပတ်ကပြုလုပ်ခဲ့ပြီး ယခုဒုတိယအကြိမ် ထပ်မံပြုလုပ်သည့်အစည်းအဝေးဖြစ်ကြာင်း၊ စီမံကိန်းများရေးဆွဲပြုစုရာတွင် သက်ဆိုင်ရာဌာနအကြီးအကဲများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ တိကျသည့် ကိန်းဂဏန်းအချက်အလက်များဖြစ်စေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဌာနများကို တာဝန်ယူရသည့် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများကလည်း မိမိတို့၏တာဝန်ယူရသည့် ဌာနများ၏ တင်ပြချက်များအပေါ်တွင် ပြည့်စုံကောင်းမွန်သည့် အချက်အလက်များဖြစ်စေရန် ဝိုင်းဝန်းဆွေးနွေးပြီး အဆုံးအဖြတ်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို ရေးဆွဲရာတွင်လည်း ယခင်အစည်းအဝေးတွင် မှာကြားခဲ့သကဲ့သို့ အမှန်တကယ်အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းများဖြစ်စေရန်လည်း လိုအပ် မည်ဖြစ်ကြောင်း၊ ရေးဆွဲထားသည့် စီမံကိန်းလုပ်ငန်းများသည် မူလစီမံကိန်းနှင့်ချိတ်ဆက်မိပြီး မြေပြင်တွင်လက်တွေ့ဆောင်ရွက်မည့် လုပ်ငန်းများကို ရေးဆွဲတင်ပြရန်၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရန်၊ ကာလရှည်ဆောင်ရွက်မည့် အစီအစဉ်များကို ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်များအထိ ပြည့်ပြည့်စုံစုံရေးသားပြုစုရန်၊ စီမံကိန်းရေးဆွဲရာမှာလည်း မိမိတာဝန်ယူနိုင်သည့်အပိုင်း၊ မိမိဌာန၏ရည်မှန်းချက်၊ ချမျတ်ထားသည့် စီမိကိန်းများအပေါ်သွေဖီမသွားအောင် စနစ်တကျစီမံရေးဆွဲရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးတွင် ဖွဲ့စည်းထားသည့် ကော်မတီအနေဖြင့် မိမိတို့၏ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြပေးရန်နှင့် တင်ပြချက်အပေါ်တွင် သက်ဆိုင်ရာ ဝန်ကြီးများကလည်း သုံးသပ်ပြီး ဆွေးနွေးကြစေလိုကြောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးများနှင့် စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် တစ်ဆက်တည်းဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် ဆက်လက်ဆောင်ရွက်ရမည့် ကာလတို၊ ကာလရှည်စီမံကိန်းများကို စနစ်တကျ ထည့်သွင်းရေးဆွဲပြီး မူလအခြေအနေထက်သာလွန်ကောင်းမွန်သော အနေအထားရောက်ရှိအောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ် လတ်တလောကာလ၊ ကာလတို၊ ကာလရှည်စီမံကိန်းများ ရေးဆွဲပြုစုရေး ကော်မတီ အတွင်းရေးမှူး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က လတ်တလောကာလ၊ ကာလတို၊ ကာလရှည်စီမံကိန်းများ ရေးဆွဲပြုစုနေမှုနှင့် လတ်တလောကလ အတွင်းဆောင်ရွက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)