ပေါက်တောမြို့၌ မွေးစမှအသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်လျက်ရှိ

ပေါက်တော    အောက်တိုဘာ  ၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိ မွေးစမှအသက်(၂)နှစ်အောက် မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ပေါက်တောမြို့ပေါ် (၅)ရပ်ကွက်မှ မွေးစမှ အသက်(၂)နှစ်အောက် ကလေးများအား ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့- ကြက်ညှာ- မေးခိုင် - အသည်းရောင် အသားဝါ(ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးရက်များအလိုက် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံ/တိုက်ကျွေးခြင်း၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)တို့ကို ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာများသို့ ကွင်းဆင်း၍ အကြိမ်ရေအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)