ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၁/၂၀၂၃) အခမ်းအနားမှူး သင်တန်းဖွင့်လှစ်

ပေါက်တော အောက်တိုဘာ   ၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးပြီး ၁/၂၀၂၃ အခမ်းအနားမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက မြို့နယ်အတွင်း၌ အခမ်းအနားများ ကျင်းပဆောင်ရွက်ရာတွင် အခမ်းနားတစ်ခုလုံးကို အဆင်ပြေပြေချောချေမွေ့မွေ့ ပြီးမြောက်အောင် ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်ရန်နှင့် အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လုပ်ငန်းခွင်မပျက် အခမ်းအနားမှူးသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ အခမ်းအနားမှူးသည် အခမ်းအနားတစ်ခုတွင် တက်ရောက်လာသည့် ဧည့်သည်များနှင့် အကြီးအကဲတို့ကြား အချိတ်အဆက်မိစေရန်အတွက် ပေါင်းကူးတံတားသဖွယ်ဖြစ်ကြောင်း၊ စကားကို ပီသစွာပြောဆိုနိုင်စေရန်နှင့် အခမ်းအနားတစ်ခုလုံးကို လျင်မြန်သွက်လက်စွာ ထိန်းသိမ်းကွပ်ကဲနိုင်စွမ်းရှိစေရန်၊  ရုတ်တရက်ပေါ်ပေါက်လာသည့်အခြေအနေများကို စနစ်တကျ ထိန်းသိမ်းကွပ်ကဲတတ်စေရန်အတွက် အခမ်းအနားမှူးသည် အလွန်အရေးကြီးကြောင်းနှင့်  အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ပေါက်တော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၁၆ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ်နှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြသုံးဦးတို့က  စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပို့ချဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)