တံတားဦး အောက်တိုဘာ ၃
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ ပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက တောင်ဘီလူကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း နေမျိုးသစည်သူခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တောင်ဘီလူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်စုက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်နှင့်ရည်မှန်းချက် ပြောကြားရာတွင် ကျောင်းသား/သူများအနေအဖြင့် ပညာကိုကြိုးစားသင်ယူစေလိုကြောင်း၊ သို့မှသာ မိမိတို့ရည်မှန်းသည့် ပန်းတိုင်သို့ရောက်ရှိမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးသက်ဖြိုးအောင်က “လူငယ်နှင့်ဥပဒေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ငယ်သူထွန်းက “အားစားနှင့်လူငယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသိးသီးပြန်လည်ဖြေကြားပေးကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များနှင့် ပတ်သက်သည့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကိုကျင်းပရာ ကျောင်းသား/သူများ၊ ဆရာ/မများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)