ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် လူမှုဖူလုံရေး ထောက်ပံ့ကြေးများ လာရောက် လျှောက်ထားနိုင်

ရွှေပြည်သာ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ စက်မှုဇုန်ပြင်ပ၊ စက်ရုံ/ အလုပ်ရုံ/အလုပ်ဌာနများရှိ လူမှုဖူလုံရေး အကျုံးမဝင်သော အလုပ်သမားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကြေး တစ်ဦးလျှင်(၃)သောင်းကျပ် ပေးအပ်နိုင်‌ရေးအတွက် သက်ဆိုင်ရာ အလုပ်ရှင်၊ HR မန်နေဂျာများမှ အလုပ်သမားစာရင်းကို ပြုစု၍  Online (သို့မဟုတ်)  စာရွက်စာတမ်းများဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ် အလုပ်သမားစာရင်း ပြုစုစစ်ဆေးရေး အဖွဲ့သို့ (၁၉.၁၀.၂၀၂၀) ရက်နေ့မှစ၍ တင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့ လျှောက်ထားရာတွင် လုပ်ငန်းများ ရပ်နားထားရသည့် စည်ပင်သာယာ လုပ်ငန်းလိုင်စင် (သို့မဟုတ်) ကုမ္ပဏီမှတ်ပုံတင်ရှိသော စက်ရုံ/အလုပ်ရုံ/အလုပ်ဌာနများရှိ လူမှုဖူလုံရေး အကျုံးမဝင်သော အလုပ်သမားများ စာရင်းကို အလုပ်ရှင်/တာဝန်ခံကိုယ်တိုင် နံနက်(၁၀:၀၀)နာရီမှ (၂၃.၁၀.၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီချိန်ထိ မြို့နယ်‌ထွေ /အုပ်ရုံးတွင် လာရောက်လျှောက်ထားနိုင်ပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကလည်း မိမိတို့ရပ်ကွက်၊ ကျေးရွာများအတွင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်များဖြင့် လှည့်လည် ဆော်သြပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမိုး (ပြန်/ဆက်)