မိုးနဲမြို့ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးနဲ  အောက်တိုဘာ  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံ‌လာစေရေး၊ အသိအလိမ္မာနှင့် ပညာဗဟုသုတများရရှိနိုင်စေရေး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာပေ‌ကို လေ့လာဖတ်ရှုခြင်းအားဖြင့် ရရှိလာမည့် အကျိုး‌ကျေးဇူးများ၊ ဌာနအနေဖြင့် သုတ၊ ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ စာအုပ်များလာရောက်ငှားရမ်း ဖတ်ရှုစေလိုကြောင်း အသိပညာပေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ချိတ်ဆွဲပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်ကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)