လမ်းမတော်မြို့နယ်‌ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

 ရန်ကုန် အောက်တိုဘာ ၃ 

ရန်ကုန်တိုင်းဒေသကြီး၊‌ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ လူငယ်များ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများပြည့်ဝစေပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆေးတက္ကသိုလ်(၁)(ရန်ကုန်)တို့ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်စကားဝိုင်း‌ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် အဆိုပါဆေးတက္ကသိုလ်(၁)ရန်ကုန် RECREATION CENTRE ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ဆေးတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ် ပါ‌မောက္ခဒေါက်တာခင်မာမြင့်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည်အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့်  လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံတာဝန်များကိုဆက်လက်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်းရင်နှီးချစ်ခင်မှုများတိုးပွားလာပြီး ယဉ်ကျေးလိမ္မာစွာပြောဆို ဆက်ဆံတတ်စေရန်နှင့် တိုင်းချစ်၊ ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်ပြည့်ဝစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုး၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ လက်ထောက်ကထိကဒေါက်တာဟေမာစိုးဝင်းတို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေ၊ အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ယင်းနောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကမိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများကိုတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး အခမ်းအနားတက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

အဆိုပါဆွေးနွေးပွဲသို့ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကျော်ဆန်းမြင့်