ပင်းတယ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျားကုန်းစံပြကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ "အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးအတွက် စီမံကိန်းခေတ်မှီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်း ဒုတိယအကြိမ် (စက်ချုပ်)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျားကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့်က အမှာစကားပြောကြားပြီး၊ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းမှထွက်ရှိသည့် ကုန် ချောပစ္စည်းများကို ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ အဆင့်မြင့်စက်ချုပ်သင်တန်းအား သင်တန်းသား/သင်တန်းသူ ၁၅ ဦးတက်ရောက်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)