မော်လမြိုင် အောက်တိုဘာ ၃
ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာလူငယ်စကားဝိုင်းတွင် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းက လူငယ်စကားဝိုင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြတ်သီတာ က Moderator အဖြစ်ဆောင်ရွက်၍ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမဒေါ်အေးအေးခင်ကဖြည့်စွက်ဆွေးနွေးပြီး Grade-10 နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မလင်းဝါတိုးက လူငယ်နှင့်ကျန်းမာရေး၊ မောင်စည်သူမင်းပိုင်က လူငယ်နှင့်အားကစား၊ နော်မြင့်မြင့်ဝင်းက လူငယ်နှင့်ရည်မှန်းချက်၊ မောင်ကျော်ဝင်းထွန်းက လူငယ်နှင့်တာဝန်၊ မယမင်းဦးက လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ကျောင်းစားကြည့်တိုက်အတွင် ခင်းကျင်းပြသထားသော စာအုပ်စာပေများကို ကျောက်သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)