ညောင်ဦး အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသဘုရားအမှတ် ၁၈၃၁ ဂူဘုရားတည်ဆောက်ပုံ ဗိသုကာပညာနှင့်ဂူဘုရားအတွင်းရှိ ဆင်းတုတော်များ ဖူးမြော်ပြီး နံရံပန်းချီအချို့ကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံမှ သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဘုရားအမှတ် ၁၈၃၁ ဂူဘုရားသည် ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်း သွားကားလမ်းဘေး ခေမင်္ဂဘုရားဝင်းအနီးတွင်တည်ရှိကာ ဂူဘုရားကို မုခ်ငါးမုခ်ဖြင့် တည်ဆောက်ထားပြီး အရှေ့ဘက်လှည့်မုခ်တွင် ထိုင်တော်မူဆင်းတုတော်တစ်ဆူနှင့် ကျန်မုခ် လေးမုခ်တွင် မတ်ရပ်ဆင်းတုတော်လေးဆူဖြင့် တည်ဆောက်ထားသည်ကို တွေ့ရှိလေ့လာနိုင်သည်။ မုခ်ငါးမုခါရှိသည့် ဂူဘုရားအမှတ် ၁၈၃၁ကို နရပတိစည်သူမင်းကြီး၏သားတော်ကင်္ကသူ မင်းသားနှင့်ဇနီး ညောင်ရမ်းကြီးသမီးတို့နေထိုင်ကြသော အိမ်ရာတွင်တည်ဆောက်ထားသည့် အိမ်ရာကျောင်းဖြစ်ကြောင်း၊ ဘုရားအမှတ် ၁၈၃၁ ဂူဘုရားကို အိမ်ရာကျောင်းငါးမျက်နှာ ဂူဘုရားလို့ခေါ်တွင်ကြပြီး ပုဂံခေတ်ရှေးဟောင်းအဆောက်အအုံများတွင် အနည်းငယ်မျှလောက်သာရှိသော ပုံစံ မုခ်ငါးမုခ်ဖြင့် တည်ဆောက်ထားသည့် အမျိုးအစားဖြစ်သည့်အပြင် ခပ်ပုပု သီဟိုဠ်ပုံပုထိုးပုံစံဖူးတွေ့နိုင်သည်။ အိမ်ရာကျောင်းငါးမျက်နှာဂူဘုရားတွင် နံရံများ၌ကပ်ထားသော ညောင်ရမ်းကြီးသမီး ရေးထိုးထားသည့်ကျောက်စာချပ်များရှိရာ ယခုအခါ ပုဂံမြို့ဟောင်းရှိ ရှေးဟောင်းသုတေသနပြ တိုက်(ပုဂံ)တွင် လေ့လာဖတ်ရှုနိုင်ကြောင်းသိရသည်။ ဘုရားအမှတ် ၁၈၃၁ ဂူဘုရား၏ တောင်ဘက်တွင် ခေမင်္ဂဘုရားအစုအဝေး၊ အရှေ့ဘက်တွင် ထီးလိုမင်းလို ဘုရား၊ ရွှေလိပ် တူးဘုရား၊ ရွှေလိပ်ပေါက်ဘုရား၊သိကြားဘုရား၊ သိကြားဟစ်ဘုရား၊ ဥပါလိသိမ်၊ မြောက်ဘက်တွင် စတုမုခဘုရား၊ ရင်မနားဘုရားအစုအဝေးနှင့်အနောက်ဘက်တွင် မင်းအိုချမ်းသာဘုရား၊ မင်းမျှော်ရာဇာဘုရားနှင့်အာနန္ဒာဘုရားတို့အား တဆက်တစပ်တည်းဖူးမြော် လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း