အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ကျောက်ဆည်  အောက်တိုဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ(၂)ရက် ညနေ(၃)နာရီက အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (အငြိမ်းစားဝန်ကြီး) ဦးသောင်းနှင့်တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)မှ ကျောင်းအုပ် ဆရာကြီး ဒေါက်တာ မျိုးသူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အောင်စေပိုင်စေသီးချင်းအား ဆင်အကအလှဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (အငြိမ်းစားဝန်ကြီး) ဦးသောင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေနဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီး သီးတွင် နည်းပညာကျောင်းများ ဖွင့်လှစ်ထားရှိကြောင်းနှင့် ဆရာ/ဆရာမများအနေဖြင့် ထူးချွန်ထက်မြတ်သော ကျောင်းသား/ ကျောင်းသူများ မွေးထုတ်ပေးရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပေးလိုက်သောနည်းပညာဘာသာရပ်များကို ကြိုးစားသင်ယူသွားကြပြီး စည်းစည်းလုံးလုံးနှင့် နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးရေး ကြိုးစားအားထုတ်သွားရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် “သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန”သီချင်း၊ “နိုင်ငံတော်ရဲ့ခွန်အားသစ်” သီချင်းဗွီဒီယိုကလစ်များအား ဖွင့်လှစ်ပြသခဲ့ပြီး အမှတ် တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)