ချောင်းဆုံ အောက်တိုဘာ ၃
စားနပ်ရိက္ခာဖူလုံရေးကိုရှေးရှုပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန် တောင်သူများဝင်ငွေတိုးတက်ရရှိစေနိုင်သည့် သီနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်စေရန်အတွက် တောင်သူများနေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်းအကျိုးအမြတ်များရရှိစေရန်အတွက် ယနေ့နံနက်က ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာခန်းမတွင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းဖြင့် တောင်သူများအတွက် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိစေနိုင်ကြောင်း နေကြာသည် စိုက်ပျိုးရန်အထူးသင့်လျော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်းနှင့် စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ပိုးမွှားရောဂါကာကွယ်နည်းနှင့်ဆောင်ရွက်ရမည့် နည်းလမ်းများအား စိုက်ပျိုးရေးဦးစီးဌာနရှိ သီးနှံတာဝန်ခံ ဒု-ဦးစီးဒေါ်ချောစုလှိုင်နှင့် ပိုးမွှားရောဂါကာကွယ်ရေးတာဝန်ခံ ဒု-ဦးစီးဒေါ်အေးသန္တာချိုတို့က နည်းပညာပေးဆွေးနွေးခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ဆီထွက်သီးနှံနေကြာစိုက်ဧကကို ယခုလာမည့် ဆောင်သီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးရန်ဧက(၃၁၇၀)လျာထားကြောင်းနှင့် လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ရေး၊ တောင်သူများနှင့်ပူးပေါင်းဆွေးနွေးပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)