ဂွ အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ၁/၂၀၂၃ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က မြို့နယ်အတွင်း၌ အခမ်းအနားများ ကျင်းပဆောင်ရွက်ရာတွင် မလိုလားအပ်သည့်အမှားမျိုးမဖြစ်စေရန်၊ အခမ်းအနားတစ်ခုလုံးကို အဆင်ပြေပြေချောချေမွေ့မွေ့ ပြီးမြောက်အောင် ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်ရန်နှင့် အခမ်းနားမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လုပ်ငန်းခွင်မပျက် အခမ်းအနားမှူး သင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခမ်းအနားမှူးသည် အခမ်းအနားတစ်ခုတွင် တက်ရောက်လာသည့် ဧည့်သည်များနှင့် အကြီးအကဲတို့ကြား အချိတ်အဆက်မိစေရန်အတွက် ပေါင်းကူးတံတားသဖွယ်ဖြစ်ကြောင်း၊ စကားကို ပီသစွာပြောဆိုနိုင်စေရန်နှင့် အခမ်းအနားတစ်ခုလုံးကို လျင်မြန်သွက်လက်စွာ ထိန်သိမ်းကွပ်ကဲနိုင်စွမ်းရှိစေရန်၊ ရုတ်တရက် ပေါ်ပေါက်လာသည့်ကိစ္စရပ်များကို စနစ်တကျ ထိန်းသိမ်းကွပ်ကဲတတ်စေရန်အတွက် အခမ်းအနားမှူး သည်အလွန်အရေးကြီးကြောင်းနှင့် အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့် ဆောင်ရန်၊ရှောင်ရန်များအား လေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ပညာရေးဌာနမှ နည်းပြဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းအား မြို့နယ်ပညာရေးဦးစီးဌာနမှ နည်းပြဆရာမများက ဦးဆောင်၍ သင်တန်းသား သင်တန်းသူ(၇)ဦးအား စာတွေ့၊ လက်တွေနှင့် စနစ်တကျကိုယ်တိုင်လေ့ကျင့်မှုများ ဆွေးနွေးပို့ချသင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ အောက်တိုဘာလ (၂)ရက်နေ့မှ (၆)ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်