ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ အောက်တိုဘာ ၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုကာလသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) အလွန်ကာလဖြစ်သည့်အတွက် ဌာနဆိုင်ရာအသီးသီးက မိမိတို့ဌာနလုပ်ငန်းများကို လုပ်ဆောင်နေသည်ကိုတွေ့ရပါကြောင်း၊ မည်သို့ပင် အခက်အခဲ ရှိစေကာမူ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မိမိတို့အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီး၏ပူးပေါင်း ဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း၊ တချို့သော အားနည်းချက်များရှိသော်လည်း ထိုအားနည်းချက်များကို သင်ခန်းစာယူကာ တိုးတက်ပြောင်းလဲအောင် ပြုပြင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ မိုခါအလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာ အသီးသီးက သက်ဆိုင်ရာဘဏ္ဍာရန်ပုံငွေများဖြင့် လုပ်ငန်းများဆောင်ရွက်နေကြပြီ ဖြစ်သည့်အတွက် မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျဆောင်ရွက်ထားကြစေလိုကြောင်း၊ ထို့ပြင် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး ၁၅ ရက်နေ့ထိ ရခိုင်ပြည်နယ်မောင်တောမြို့တွင် စမ်းသတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများအနေဖြင့် သိရှိထားရန်လိုအပ်မည်ဖြစ်ကြောင်း၊  နောက်တစ်ခုက စစ်တွေမြို့ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးများ လာရောက်ပြီး စစ်တွေမြို့အားလေ့လာခြင်း၊ သက်ဆိုင်ဌာနများနှင့်ဆွေးနွေးခြင်း၊ ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည်များကို အကြံပြုသွားသည်များရှိပါကြောင်း၊ စစ်တွေမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်းကော်မတီများကို ဖွဲ့စည်းကာစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု တက်ရောက်လာကြသော ဌာနဆိုင်ရာများကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်များ ပေးအပ်ထားပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ကျရာအခန်းကဏ္ဍက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် လိုအပ်သည့်အကြံအဉာဏ်ကောင်းများရှိလျင်လည်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)