ဟိုပန်မြို့၌ ကျင်းပပြုလုပ်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်

ဟိုပန် အောက်တိုဘာလ ၂

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ/အရာခံများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးညီနပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှ ပေးပို့သော သဝဏ်လွှာကို ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးကျော်ဝင်းလှိုင်က ဖတ်ကြားခဲ့သည်။ ထို့နောက် ထူးချွန်ရဲတပ်ဖွဲ့ဝင်များ၊ နေအိမ်လိုင်းခန်း သန့်ရှင်းသာယာရေးဆုရရှိသူများ၊ (အငြိမ်းစား)ရဲမှုထမ်းဟောင်းများကို ဥက္ကဋ္ဌ ဦးညီနပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌ ဦးညီနပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ သိန်း (၂၀)ကျပ် ပေးအပ်ပြီး (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အထိမ်းအမှတ် video clip ကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)