ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝှေခါကျေးရွာရှိ လုပ်ကွက်ကျင်းဟောင်းရေကန်နှင့် စပ်လျဥ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေး‌နွေး

မြစ်ကြီးနား အောက်တိုဘာ ၃

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ လုပ်ကွက်ကျင်းဟောင်း ရေကန်နှင့် စပ်လျဥ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေး‌နွေးခဲ့သည်။

ထိုသို့ဆွေး‌နွေးရာတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ လုပ်ကွက် ကျင်းဟောင်း ရေကန်နှင့် စပ်လျဥ်း၍ ကျင်းဟောင်းရေကန် ပတ်ဝန်းကျင်တွင် မြေပြိုမှုဘေးအန္တရာယ် ဖြစ်ပွားနိုင် ခြေအပေါ် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များနှင့် လုပ်ကွက်ကျင်း‌ဟောင်းရေကန်မှ ရေများအား ဝှေခါချောင်းအတွင်း စီးဆင်းနိုင်ရေး ‌ရေထုတ်မြောင်းဖောက်လုပ်သွားမည့်အစီအစဥ်များ၊ ရေကန် အထက် ပေ(၁၀၀၀)ခန့်တွင် မြေအက်ကွဲကြောင်း ဖြစ်‌ပေါ်နေမှု အခြေအနေများ၊ ငလျင်နှင့် လေပြင်းမုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ကျင်း‌‌ဟောင်းရေကန်အား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း‌ဆောင်ရွက်မည့် အစီအမံများကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများ၊ ဝှေခါကျေးရွာ ရပ်မိ၊ ရပ်ဖများနှင့် အတူ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူအတွက် ကျင်းဟောင်း ရေကန်ပတ်ဝန်းကျင် မြေပြိုမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး အရေးကြီးဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်သည့်အပြင် မြေပြင်အခြေအနေအရပ်ရပ်အား လေ့လာသုံးသပ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် အသေးစိတ် စီမံချက်ရေးဆွဲ၍ စနစ်တကျ‌ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လယ်ယာမြေကို အခြားနည်းသုံးစွဲမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွား စေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP) မူကြမ်း‌ ရေးဆွဲထားမှု အပေါ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း လယ်ယာမြေများကို အခြားနည်း အသုံးပြုခွင့်လျှောက်ထားမှုများကို ပိတ်ပင်ထားပြီး သီးထပ်သီးနှံစိုက်ပျိုးရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ယာမြေများကို အခြားနည်း သုံးစွဲထားမှုအပေါ် ဖြေရှင်းဆောင်ရွက်ရန်နှင့် နောင်ထပ်မံမဖြစ်ပွား စေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်း လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) မူကြမ်းရေးဆွဲထားမှု အပေါ် ယခုလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အကြံပြုဆွေးနွေးကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ရမည့် တာဝန်များကိုလည်းကောင်း၊ လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ‌ရေးဆွဲပြုစုထားသော (SOP) မူကြမ်းပါ အချက်အလက်များနှင့် စပ်လျဥ်း၍ အသေးစိတ်ရှင်းလင်းတင်ပြပြီး ဖြည့်စွက်ဆွေးနွေးအကြံပြုပေးနိုင် ရေးနှင့် ဦးစီးကော်မတီ၏ လမ်းညွှန်မှာကြားချက်များ၊ ပြည်နယ်လုပ်ငန်းကော်မတီမှ စိစစ်ဆောင်ရွက်သွားရမည့်လုပ်ငန်း ဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ် အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဥပဒေမဲ့ကျူးကျော်မှုအပေါ် အ‌ရေးယူဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်‌ရောက်လာ ကြသည့် ကော်မတီအဖွဲ့ဝင်များက (SOP) မူကြမ်းရေးဆွဲပြုစုထားမှုအပေါ် ဌာနအလိုက် အသီးသီးဖြည့်စွက် တင်ပြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေကို အခြားနည်းသုံးစွဲမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွား စေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP)ပါ အချက်များအား ဦးစီးကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်