ရန်ကုန် အောက်တိုဘာ ၃
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)လုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့မှစတင်၍ eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ(Online Sales) မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System ဖွင့်လှစ်ပွဲအခမ်းအနားတွင် သိရှိရသည်။
အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး၊ ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Myanmar Digital Economy Association ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်တို့က တက်ရောက်အမှာစကားများ ပြောကြားခဲ့သည်။
အွန်လိုင်းစနစ်ဖြင့်ရောင်းချသူ(Online Sales)များ မှတ်ပုံတင်ရန်အတွက် အမိန့်ကြော်ငြာစာပါအချက်အလက်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ရှင်းလင်းတင်ပြခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)လုပ်ငန်းများ မှတ်ပုံတင်ခြင်းအတွက်အသုံးပြုမည့် eComReg စနစ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နွယ်နီဝင်းတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။
အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်ရာတွင်ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)၊ လုပ်ငန်းမှတ်ပုံတင်(အသစ်)လျှောက်ထားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရန်အချက်များစသည်တို့ကို ပြည့်ပြည့်စုံစုံ ဆွေးနွေးခဲ့သည်။
တက်ရောက်လာသည့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များမှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ (၁၂၀၀)ကျော်တက်ရောက်ခဲ့ပြီး မေးခွန်းများမေးမြန်းခဲ့မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)