ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုဆုများ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား အောက်တိုဘာ ၃

ကချင်ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကို မြို့နယ်အသီးသီးမှ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ ၁၄၆ ဦးတို့က ပြိုင်ပွဲအမျိုး အစားအလိုက် (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ‌အောက်တိုဘာ ၁ ရက်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် လူငယ်မောင်မယ် များအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး လုံ့လဝီရိယ စိုက်ထုတ်ပြီး ကျွမ်းကျင် သည်ထက် ကျွမ်းကျင်အောင် ပြိုင်ပွဲဝင်ချိန်အထိ ဆက်လက်လေ့ကျင့်သွားရန် လိုအပ်ပါကြောင်း၊ ယခုလိုခန့်ညားထယ်ဝါသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ကမ္ဘာ့အလယ်ဝင့်ထယ်ရှင်သန်အောင် မိမိတို့၏ အနုပညာဖန်တီးနိုင်စွမ်းကို အသုံးချပြီး ဆက်လက်ပြုစုပျိုးထောင်ကြရန် လိုအပ်ပါ ကြောင်း ဂုဏ်ပြုပြောကြားသည်။       

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး‌၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ဒုတိယတိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် မြစ်ကြီးနားတက္ကသိုလ်ပါ‌မောက္ခချုပ်တို့က ပြည်နယ် အဆင့်ပြိုင်ပွဲ (၃)ရက်တာ ယှဉ်ပြိုင်မှုတွင် အသက်အရွယ်အုပ်စုအလိုက် ဘာသာရပ် အသီးသီးတွင် အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အတီးပြိုင်ပွဲများတွင် ပြိုင်ပွဲ အမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သော ပြိုင်ပွဲဝင်များနှင့် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် အကဲဖြတ် အမှတ်ပေးဒိုင်အဖွဲ့၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များအတွက် ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ ကြသည်။

ယင်းနောက် ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော အခြေခံပညာအဆင့် အသက် (၁၀ နှစ်မှ ၁၅ နှစ်) အမျိုးသားအကနှင့် အမျိုးသမီးအက၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းရိုးရာအက၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် သွား‌ရောက်ဖျော်ဖြေမည့် လီဆူတိုင်းရင်းသားရိုးရာအကအဖွဲ့၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ သွားရောက်ဖျော်ဖြေမည့် ပြည်နယ်ကိုယ်စားပြုတိုင်းရင်းသား ယဥ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့၏ ရိုးရာအကနှင့် ဒိုင်အဖွဲ့ဝင်များ၏ အဆို၊ အကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှုခဲ့ကြ သည်။

အဆိုပါ ကချင်ပြည်နယ်အဆင့် ပြိုင်ပွဲကို မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၁၄၆ ဦးတို့ဖြင့် (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြိုင်ပွဲဝင်များအား ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲတွင် သွား‌ရောက်ယှဉ်ပြိုင်နိုင်ရေး အောက်တိုဘာ ၅ ရက်နေ့မှ စတင်၍ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် စခန်းသွင်းလေ့ကျင့်ပေးသွားမည်ဖြစ်သည်။

ပြည်နယ်ပြန်/ဆက်