ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ပေါင် အောက်တိုဘာ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယနေ့ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာသက်နိုင်က ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိရာ လေဘေး၊ ရေဘေးအန္တရာယ်များအပြင် အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းများကို ကမ္ဘာပေါ်ရှိအခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တွေ့ကြုံခံစားနေရပါကြောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလမှစ၍ အယ်လ်နီညို ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များကြောင့် အပူလွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ တောမီးလောင်ခြင်းများဖြစ်ပေါ်စေနိုင်ခြင်း၊ အယ်လ်နီညိုရာသီဥတုသက်ရောက်မှုကြောင့် တိရစ္ဆာန်များတွင်အစာများရှားပါးခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းစသည့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် မွေးမြူရေးဆောင်ရွက်နေသောတောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များဖြစ်သည့်အချက်(၁၀)ချက်ကို အသိပေးရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက အယ်လ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ သိလိုသည်များမေးမြန်းခဲ့ကြရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသက်နိုင်က ဖြေကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)