သုံးခွ အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ၁ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁)ကျောင်းသား/သူလေးများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူးဦးဌေးနိုင်က ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာရင်းရှိကျောင်းသား/သူ ၃၄၉ ဦးရှိပြီး ၃၀၉ ဦးဝင်ရောက်ဖြေဆိုရာ ၂၂၇ ဦးဖြေဆိုအောင်မြင်ပါကြောင်း၊ ယင်းသို့ဖြေဆိုအောင်မြင်ရာတွင် ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၅၂ ဦး စုစုပေါင်း ၉၇ ဦး ပေါ်ထွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၆ ဘာသာ၊ ၅ ဘာသာဂုဏ်ထူးရှင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အောင်ချက်အကောင်းဆုံး ဒုတိယဆုရရှိသော သုံးခွမြို့နယ် အ.ထ.က( ခွဲ)ရှမ်းစုကျောင်းတို့ကို တိုင်းဒေသကြီးအစိုးရမှ ဆုများချီးမြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း ကျန်ရှိသည့်ဆုများအား ယနေ့ချီးမြှင့်ခြင်းဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က ၂ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်