တွံတေးမြို့နယ်၌ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ

တွံတေး အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မီးသတ်စခန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူတို့ရဲ့အသက်အိုးအိမ်ပစ္စည်းများနှင့် ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေး သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခါ အရေးပေါ်ကယ်ဆယ်နိုင်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကောင်းမွန်သောရည်မှန်းချက်များနှင့် ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လည်းပူးပေါင်းပြီး နိုင်ငံတော်ရဲ့ မီးဘေးလုံခြုံရေးသဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသော ရည်မှန်းချက်တာဝန် ၄ ရပ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေ ပိုမိုတိုးတက်မြင့်မားလာစေဖို့ ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုသင်တန်းဖွင့်ပွဲမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းမှ စာတွေ့နှင့်လက်တွေ့ပညာရပ်အား အောက်တိုဘာ(၂)ရက်နေ့မှ (၂၇)ရက်နေ့အထိသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ရပ်ကွက်နှင့်ကျေးရွာများတွင် မကြာခဏကြုံတွေ့ရသော မီးဘေးအန္တရာယ်နှင့် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေးများဖြစ်ပေါ်လာပါက မီးငြိမ်းသတ်ရေးနှင့်  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့်  မီးငြိမ်းသတ်ရေးပညာရပ်များ၊ လက်နက်မဲ့အခြေခံစစ်ရေးပြသင်တန်း၊ အသက်ကယ်ဆယ်ရေးပညာရပ်များ၊ လတ်တလောမီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ယခုသင်တန်းအား မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြတာဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်သင်တန်းသို့တက်ရောက်လာသည့် သင်တန်းသား(၃၅)အတွက် ဝတ်စုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်မြင့်က အရန်မီးသတ်တပ်ခွဲမှူးအားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တွံတေးသား