ဒလမြို့နယ် မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ

ဒလ အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းက မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ကြီး (၄) ရပ် ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ သင်တန်းကာလတွင်သင် ကြားပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာသင်ယူ၍  လူမှုဝန်ထမ်းစိတ်ကိုအခြေခံသည့် လူမှုရေးလုပ်ငန်းများကို တက်ကြွစွာပါဝင်နိုင်ရေး စသည့်အကြောင်းအရာများကို အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဇာနည်ထက်ကသင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၂) ဦးရွှေလှိုင်နှင့်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးအောင်သင်းကျော်တို့က သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင်အရန်မီးသတ်တပ်ဖွဲ့ဝင်များအား စစ်ရေးပြ၊ မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေး၊ အသက်ကယ်နည်းစနစ် ဘာသာရပ်များကို သင်တန်းနည်းပြများ က စာတွေ့လက်တွေ့ကို အောက်တိုဘာလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းသား (၅၀) ဦးအား သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဇော် (ပြန်/ဆက်)