တာမွေမြို့နယ်တွင်အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်

တာမွေ အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉:၀၀နာရီအချိန်က တာမွေမြို့နယ်ရှိ ကျောက်မြောင်းမီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သင်္ယန်းကျွန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှသိန်းကသင်တန်း အဖွင့်အမှာစကားပြောကြားရာတွင်  “ယနေ့ကျင်းပပြုလုပ်တဲ့ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားမှာ အမှာစကားပြောကြားခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း တာမွေမြို့နယ်အတွင်း ဖွဲ့စည်းထားရှိပြီးသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်ပညာရပ်များ၊ ကယ်ဆယ်ရေးပညာရပ်များ တတ်မြောက် စေရေးနှင့် စည်းကမ်းသေဝပ်မှုရှိစေရေးတို့အတွက် နှစ်စဉ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းများ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခဲ့ပါကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဆိုတာ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့နာသုံးနာကို အခြေခံပြီး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်လုပ်ငန်းဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးစတဲ့ ရည်မှန်းချက် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် သိသင့်သိထိုက်သောဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ မီးသတ်ပညာရပ်များ၊ ကယ်ဆယ်ရေးဆိုင်ရာပညာရပ်များကို အခြေခံမှစတင်သင်ကြားပေးမှာ ဖြစ်တဲ့အတွက် လေ့လာဆည်းပူးသင်ယူကြပြီး ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လက်တွဲပြီး နိုင်ငံတော်နှင့်ပြည်သူများအတွက် အားကြိုးမာန်တက် ကျိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးလှသိန်းက ဝတ်စုံများပေးအပ်ခဲ့ရာ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူးမောင်အေးက လက်ခံရယူခဲ့ကြောင်းနှင့် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်က ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးမျိုးညီညီက လက်ခံရယူခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို သင်တန်းသား (၅၀)ဦးဖြင့် အောက်တိုဘာလ ၂ ရက်နေ့မှ  ၂၇ ရက်နေ့အထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မြို့နယ် (ပြန်/ဆက်)