ညောင်ဦးမြို့နယ် သူကောင်းတည်လျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့်မိုးစပါး ၃၂၄ ဧက အောင်မြင်ဖြစ်ထွန်း

ညောင်ဦး  အောက်တိုဘာ  ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်မှပေးလွှတ်သော သူကောင်းတည်လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် မိုးစပါး ၃၂၄ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် သူကောင်းတည်လျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါးများကို ဇူလိုင်လတွင် စတင်ပျိုးထောင်ခဲ့ကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ပျိုးပင်များကို လယ်ကွင်းအတွင်း ပြောင်းရွှေ့စိုက်ပျိုးခဲ့ကြောင်းသိရသည်။ သူကောင်းတည်လျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးမျိုးမှာ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခစပါးမျိုးများသာ တောင်သူများစိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင်စိုက်ပျိုးမည့် လယ်မြေအတွင်း ရွှေ့ပြောင်းစိုက်ရကြောင်း၊ စပါးတစ် သီးရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများက ပြောရှင်းပြ၍သိရသည်။

မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုး ရေသွင်းစရိတ် ၆၀၀၀ ကျပ်၊ နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ ကျပ်နှင့် အခြားသီးနှံများအတွက် ၃၀၀၀ ကျပ်ပေးသွင်းရသည်။ မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးများ အထွက်နှုန်းပုံမှန်ကောင်းမွန်မှုရှိပြီး ရေပေးသွင်းခလည်း သင့်တင့်ကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် မိုးရေချိန် ၂၀ လက်မ အောက်သာရွာသွန်းသည့်အတွက် စပါးအောင်ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း တောင်သူများကရှင်းပြသည်။

မိုးစပါးစိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက်ပျိုးခ (၅၅,၀၀၀)ကျပ်ဖြင့်စိုက် ဧကပြတ်စိုက်ပျိုးခြင်းနှင့် လက်စား ပြန်လည်စိုက်ပျိုးကြခြင်းများလည်း ရှိကြောင်း မိုးစပါးစိုက်တောင်သူများက ပြောသည်။

ဒီပါလင်း