ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားပြုလုပ်

ကျောက်ဖြူ    အောက်တိုဘာ  ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ခရိုင်ထွေ/အုပ်ဝန်ထမ်းများ၊ နည်းပြဆရာ၊ဆရာမများ၊ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အခမ်းအနားမှူးဆိုသည်မှာ အခမ်းအနားတစ်ခုလုံးကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ပြီး မြောက်နိုင်စေဖို့အတွက် တာဝန်အရှိဆုံးသူဟု အဓိပ္ပါယ်သက်ရောက်ပါကြောင်း၊ ယခုလို အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းများသည် အခမ်းအနားမှူးတာဝန်များကို အခက်အခဲမရှိ လွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခမ်းအနားများ၊ ဌာနဆိုင်ရာအစည်းအဝေးများ၊ ဘာသာရေးနှင့် သာသနာရေးဆိုင်ရာပွဲများ ကျင်းပသည့်အခါတွင် အခမ်းအနားတစ်ခုလုံးကို အဆင်ပြေပြေချောချောမွေ့မွေ့ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်သည့် မြို့ဂုဏ်ဆောင် အခမ်းအနားမှူးကောင်းများ ထွက်ပေါ်လာမှာဖြစ်ပါကြောင်းစသည့် သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို အောက်တိုဘာ (၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရုံးဖွင့်ရက်(၁၀)ရက်တွင်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းနည်းပြ ဆရာ(၅) ဦးတို့မှ စာတွေ့လက်တွေ့ ပြသသွားမည် ဖြစ်ကာ ခရိုင်ထွေ/အုပ်ဝန်ထမ်းများဖြစ်သည့် အကြီးတန်းစာရေး(၉)ဦး၊ အငယ်တန်းစာရေး (၅)ဦး၊ စုစုပေါင်း(၁၄) ဦးတို့မှ တက်ရောက်သင်ယူလျက်ရှိသည်။

အလားတူ ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်လည်း အဆိုပါ အခမ်းအနားမှူးသင်တန်းကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပို့ချလျက်ရှိကာ မြို့နယ်ထွေ/ အုပ် ဝန်ထမ်းများဖြစ်သည့် သင်တန်းသား(၆)ဦး၊ သင်တန်းသူ(၁၀)ဦးတို့ကို နည်းပြ(၄)ဦးတို့မှ ပြသလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း