ရမ်းဗြဲ အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက အောက်တိုဘာလ(၂)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာဝတီခန်းမတွင် Biometric Data ဇီဝဆိုင်ရာ အချက် အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရမ်းဗြဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး(တာဝန်ခံ) ဦးငြိမ်းချမ်း ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အသက်(၁၀) နှစ်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data ကောက်ယူရာ၌ Face Recognition, Iris, Finger Print နှင့် ဂဏန်း ၁၀ လုံးပါ Unique IDနံပါတ်ကို သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ UID Management System ပြုလုပ်ရန် လာရောက်သူများ အနေဖြင့်လည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း၊ Face Recognition နှင့် Iris ပြုလုပ်စဉ် မျက်မှန်တပ်ဆင်ခြင်း၊ သနပ်ခါးပါးကွက်များလိမ်းခြယ်ခြင်း၊ မိတ်ကပ်ထူထူ လိမ်းခြယ်ထားခြင်းများ မပြုလုပ်ရန်လိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဉီးက ပြောကြားခဲ့သည်။
အဆိုပါ စာရင်းကောက်ယူနေမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်တင်ကြည်(ပြန်/ဆက်)