ဒဂုံမြို့နယ်၌ နိုင်ငံရေးပါတီကိုယ်စားလှယ်များရှေ့တွင် ကြိုတင်ဆန္ဒမဲပုံးများ လုံခြုံရေးကြိုးဖြင့် ချိပ်ပိတ် တပ်ဆင်

ဒဂုံ အောက်တိုဘာ ၂၀


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံ  ဒီမိုကရေစီ    အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍  လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံး၌ ယမန်နေ့ မွန်းလွဲ၁နာရီက ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ နိုင်ငံရေးပါတီ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ  တက်ရောက်ကြောင်းသိရ သည်။
စစ်ဆေးဆောင်ရွက်ရာတွင်   မြို့နယ်ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲ    ဥက္ကဋ္ဌ ဒေါ်မေမေသန်းက ပြည်တွင်း၊ပြည်ပမှ  ကြိုတင်မဲရောက်ရှိပါက စနစ်တကျ ထားရှိ ဆောင်ရွက်ရမည့် အချက်အလက်များရှင်းလင်းပေးပြီး ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ပွင့်ဖူးမောင်မောင်က ကြိုတင်ဆန္ဒမဲများကို မဲပုံးအတွင်း  ထည့်သွင်းပြီးပါက လဲလှယ်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ရန် မူလဆန္ဒပြုထားသည့်အတိုင်း ထည့်သွင်းနိုင်ရေး ပြောကြားသည်။
ယင်းနောက်ပါတီကိုယ်စားလှယ်များက  ကြိုတင်မဲပုံးလုံခြုံရေးကြိုး၏ ကုဒ်နံနပါတ်ကို ဓါတ်ပုံ ရိုက်ယူခဲ့ကြပြီး  အဆိုပါမဲပုံးချိတ်ပိတ်ခြင်းကို  ကော်မရှင်အဖွဲ့မှတာဝန်ရှိသူများက နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)