စဉ့်ကူးမြို့နယ်တွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်         

စဉ့်ကူး    အောက်တိုဘာ    ၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မွေးကင်းစမှတစ်နှစ်ခွဲ အရွယ်ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးရာတွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးငယ်များအား  ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊အသည်းရောင်အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာာကွယ်ဆေး)နှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက လစဉ်လဆန်း (၂) ရက်နေ့နှင့် (၃) ရက်နေ့တို့တွင် စဉ့်ကူးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း သတ်မှတ်ဆေးထိုး စုရပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)