သင်္ဃန်းကျွန်း အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်လဝကမှူး ဦးသက်ခိုင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်ရခြင်းအား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထိုနောက် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးသီဟဇော်က မီးသတ်ပညာဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဘာသာရပ်များ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဤသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသောဌာနဆိုင်ရာ အကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသား (၅၀)ဦး တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)