နမ့်ခမ်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများအား ဂါဝရပြုထောက်ပံ့ငွေများ ပေးအပ်

နမ့်ခမ်း အောက်တိုဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့တွင် “သက်ကြီးသူများ ဘဝသာယာဖို့ သက်ရွယ်စုံညီ ပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွားများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များသို့ သွားရောက်၍ ဂါဝရထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူး အောင်ဇင်ဦးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဦးဆန်းနိုင်တို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သက်ကြီးရွယ်အိုများသည် ကျေးဇူးရှင်မိဘများဖြစ်၍ ၎င်းတို့၏ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့ခြင်းများအား ကျေးဇူးပြုခြင်း၊ သက်ကြီးရွယ်အိုများအား ဦးထိပ်ထား အသိအမှတ်ပြုလိုသောကြောင့် နမ့်ခမ်းမြို့အမှတ်(၃)ရပ်ကွက်နှင့်အမှတ်(၁၄)ရပ်ကွက်၊ နမ့်တီးကျေးရွာ၊ နမ့်ဟွမ်ကျေးရွာ၊ တာကွန့်ကျေးရွာ၊ ဟန်ကမ်းကျေးရွာတို့မှ အသက်(၁၀၀)နှစ်နှင့်အထက် ဘိုးဘွား(၆)ဦးတို့ နေထိုင်ရာ အိမ်များသို့ သွားရောက်ပြီး အဘိုး/အဘွားများအား ကန်တော့ကာ အလှူငွေနှင့်ကန်တော့ပစ္စည်းများ ပေးအပ်ခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် အဖြစ် ကန်တော့ခံ အဘိုး/အဘွား (၆)ဦးမှ (၅)ဦးအား တစ်ဦးလျှင်(၃၀၀၀၀၀/-)ကျပ်နှုန်းထားဖြင့် ငွေကျပ် (၁၅၀၀၀၀၀/-)ကျပ်နှင့် မြို့နယ်အတွင်း အသက်အကြီးဆုံး အဘွား(၁)ဦးအား(၅၀၀၀၀၀-)ကျပ် စုစုပေါင်း ငွေကျပ် သိန်း(၂၀၀၀၀၀၀/-)ကျပ်တိတိအား ဂါဝရပြုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)