ဒဂုံမြောက် အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် Royal-D အချိုရည်ကုမ္ပဏီတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်လေ့ကျင့်ရေးဘောလုံးအားကစားကွင်း၌ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးဦးတည်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် အသက်(၁၄)နှစ်အောက် U-14 (Boys) Royal-D Cup ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။
မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား လူငယ်များတွင် ကာယပညာနှင့် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်စေခြင်းဖြင့် လူငယ်တစ်ဦးနှင့် တစ်ဦး၊ ကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်း လိုက်နာမှုနှင့် ယဥ်ကျေးသိမ်မွေ့မှု စသည့်ကောင်းမြတ်သော အရည်အသွေးများရရှိလာစေရန်၊ ကျောင်းသားများအနေဖြင့် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများတွင် ယှဥ်ပြိုင်နိုင်သည့် ပြိုင်ပွဲစည်းမျဥ်း စည်းကမ်းများကိုသိရှိပြီး တစ်ဦးချင်း ဘောလုံးအရည်အသွေးများ တိုးတက်လာစေရန်နှင့် အားကစားဖြင့် နိုင်ငံတော်၏ဂုဏ်ကိုမြှင့်တင်နိုင်မည့် နိုင်ငံ့သားကောင်းအားကစားသမားများ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပ ခြင်းဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ အလယ်တန်းအဆင့် အသက်(၁၄)နှစ်အောက်(အမျိုးသား)များကို အောက်တိုဘာ ၂ ရက်နေ့ မှ ၄ ရက်နေ့အတွင်း မြို့နယ်အဆင့် ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်အားကစားမှူး ဒေါ်သန်းသန်းနွယ်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်ဦး၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပပပြန်/ဆက်)