ကျောက်ဆည်မြို့၌ ကွမ်းဆေးမြောင်းမကြီးမှ သဲနုန်းများတူးဖော်ပေးခြင်းကြောင့် သီးနှံမျိုးစုံ (၈၀၀၀) ဧက ရေပြည့်ဝစွာပေးနိုင်တော့မည်ဖြစ်

ကျောက်ဆည် အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ‌(ငွေလုံး ငွေရင်းဖြင့်) ကွမ်းဆေးမြောင်းမကြီးမှ သဲနုန်းများ တူးဖော်ပေးခြင်းကြောင့် သီးနှံမျိုးစုံ(၈၀၀၀)ဧက ရေပြည့်ဝစွာ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကွမ်းဆေးမြောင်းမကြီးသည် နှစ်ကာလကြာမြင့်ပြီး တူးမြောင်းအတွင်း ခြုံနွယ်များပေါက်ရောက်ကာ မြောင်းကြမ်းပြင်တွင် သဲနုန်းများတင်လျက်ရှိ၍ စိုက်ပျိုးရေများ ပေးဝေရာတွင် ရေစီးရေလာကောင်းမွန်ရေး သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများကို ကျောက်ဆည်မြို့နယ်၊ လယ်ကြီးကျေးရွာနှင့်ရဲကြီးကျေးရွာအနီး မြောင်း၏ပေတိုင်အမှတ် (၀+၀၀၀)မှ (၄၄+၆၀၀)ကြားတွင် မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၃၀.၀၀၀)ကျပ်သန်းအကုန်အကျခံကာ မူလရေမြောင်းအကျယ်အတိုင်း မြောင်းအရှည် (၄၄၆၀၀)ပေ၊ မြေကြီးကျင်း(၇၂၀၀)ကျင်း သဲနုန်း များတူးဖော်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကွမ်းဆေးမြောင်းမကြီးမှ  သဲနုန်းများတူးဖော်ပေးခြင်းကြောင့် လယ်ကြီး၊ ရဲကြီး၊ ဟံမြင့်မိုရ် ကျေးရွာမျာ မှ ဒေသခံတောင်သူများ၏ သီးနှံမျိုးစုံ(၈၀၀၀)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရေစီးရေလာကောင်းမွန်စွာဖြင့် အချိန်နှင့်တစ်ပြေးညီရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာ မြောင်းအဆုံးမြောင်းအဖျားမှ သီးနှံစိုက်ခင်းများအထိ ရေပမာဏပြည့်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်းနှင့် တောင်သူများ၏ လူမှုစီးပွားဘဝပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)