ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံအသက် (၁၄) နှစ်အောက် U-14 (Boys) Royal-D Cup ဘောလုံးပြိုင်ပွဲကျင်းပ

ဒဂုံတောင် အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ယနေ့နံနက် ၈ နာရီက ၂၆ ရပ်ကွက် ပုလဲရတနာလမ်းရှိ မြို့နယ်ဘောလုံးအားကစားကွင်း၌ ထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွက်လာစေရေးရည်ရွယ်ကာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄)နှစ်အောက် U-14 (Boys) Royal-D Cup ဘောလုံးပြိုင်ပွဲ ကျင်းပ‌ကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲသို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေမြို့နယ်ပညာရေးဌာန တာဝန်ရှိသူများ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

အခြေခံပညာကျောင်းများမှ ကျောင်းသားလူငယ်များတွင် ကာယပညာနှင့်အားကစား လှုပ်ရှားစေခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးကြား၊ ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်းချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းဥပဒေကိုလေးစားလိုက်နာမှုနှင့် ယဥ်ကျေးသိမ်မွေ့မှု စသည့် ကောင်းမြတ်သောအရည်အသွေးများ ရရှိလာစေရန်၊ ကျောင်းသားများအနေဖြင့် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများတွင် ယှဥ်ပြိုင်နိုင်သည့်ပြိုင်ပွဲစည်းမျဥ်းများ၊ စည်းကမ်းများကိုသိရှိပြီး တစ်ဦးချင်းဘောလုံးအရည်အသွေးများ တိုးတက်လာစေရန်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်မည့် နိုင်ငံ့သားကောင်း အားကစားသမားများ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက် (၁၄) နှစ်အောက် ကျောင်းသားများကို အောက်တိုဘာ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့တွင် ဆုပေးပွဲကျင်းပ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး