လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၂

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ၌ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းပဒံကျေးရွာ၊ အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် လူငယ်စကားဝိုင်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးကျော်သူဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားရာတွင် “လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများတိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အမှတ်(၁၂)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူလေးများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ရှင်းလင်း ဆွေးနွေးကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြား‌ပေးခဲ့ကြပြီး အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ခင်အုံးဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူလေးများအား လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။

မြင့်ဇော်(ပြန်/ဆက်)