ဟိုပုံး အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၅၉)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ(၂)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အဓိကရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးတို့ကို အကောင်းအထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာ မှာဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်း(၅၉)နှစ်အတွင်း အတွေ့အကြုံတွေအပေါ်မှာအခြေခံပြီး လက်ရှိဖြစ်ပေါ်နေ တဲ့ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအခြေအနေ၊ နိုင်ငံတကာရဲ့တိုးတက်ပြောင်းလဲမှုအခြေအနေတွေနဲ့အညီ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်သွားကြရန်လိုအပ်ကြောင်း၊ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံအနေနဲ့ တိုးတက်လာတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာလှပရေးအပေါ်မှာလည်း အန္တရာယ်ပြုမည့် စိန်ခေါ်မှု အသစ်နဲ့ ကြုံတွေ့နေရတာကို တွေ့ရမှာဖြစ်ကြောင်း၊ ဒါတွေကတော့ အကြမ်းဖက်အဖွဲ့ အစည်းအချို့ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ Cyber Crimeများနဲ့ အဆင့်မြင့် ပြစ်မှုကျူးလွန် မှုများ စသည့်တို့ပဲဖြစ်ပါကြောင်း၊ ဒီလိုစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်များကို စွမ်းရည်ပြည့်ဝစွာဖြင့် စွမ်းစွမ်းတမံထူးချွန် ထက်မြက်စွာ ထမ်းဆောင်သွားဖို့လိုအပ်ကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဌေးအောင်က ပြည်ထဲရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ကပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားသည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မှုခင်းဖော်ထုတ်ဖမ်းဆီးရမိရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ဟိုပုံးမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ကျော်ငွေ၊ ပင်လောင်းမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် သိန်းထွန်းဦး၊ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့၊ ဘန်းယဉ် နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်လတ် တို့ကိုလည်းကောင်း၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်က မှုခင်းတရားစွဲတင်ရာနှုန်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ပထမဆုရရှိခဲ့သော ခေတ္တဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်ဇော်ဦး ကိုလည်ကောင်း၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီး အောင်မျိုးသန်းက မှုခင်းတရားစွဲတင်ရာနှုန်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ဒုတိယဆုရရှိခဲ့သော ဆီဆိုင်မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ကျော် ကိုလည်းကောင်း၊ တပ်မတော်ကွန်ပျူတာ နှင့်နည်းပညာသိပ္ပံကျောင်း စာပေညွှန်ကြားရေး ဗိုလ်မှူးကြီး ခင်မောင်ထွန်းက မှုခင်းတရားစွဲတင်ရာနှုန်း စွမ်းစွမ်းတမံဆောင် ရွက်ခဲ့သည့် တတိယဆုရရှိခဲ့သော ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းနိုင်ကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့လာသည့် ရဲတပ်ဖွဲ့နေ့ အထိမ်း အမှတ် Video Clip ကြည့်ရှုခဲ့ပြီး နောက် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ခင်းကျင်းပြသ ထားသည့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆောင်ရွက်မှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည် ကြည့်ရှုခဲ့ ကြကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)