မာန်အောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ‌ချေးငွေရယူထားသော လုပ်ငန်းရှင်များ၏ ပထမ (၆)လပတ်လုပ်ငန်းအကျိုးရလဒ် ရရှိမှုအခြေအနေအား ရှင်းလင်းပွဲအခမ်းအနားကျင်းပ

မာန်အောင်  အောက်တိုဘာ 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ‌ ချေးငွေရယူထားသော လုပ်ငန်းရှင်များ၏ ပထမ(၆)လပတ်လုပ်ငန်း အကျိုးရလဒ်ရရှိမှုအခြေအနေများအား တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍတွင် နတ်ပြင်ကျေးရွာကြီးကြပ်ရေးအဖွဲ့မှ ပထမ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှု အားနည်းချက်/အားသာချက်နှင့် ပြုပြင်ဆောင်ရွက်သင့်သည့် အချက် အလက်များကိုလည်းကောင်း၊ မွေးမြူရေးကဏ္ဍတွင် သင်္ဂဇာကျေးရွာကြီးကြပ်ရေးအဖွဲ့ကလည်းကောင်း၊ ငါးလုပ်ငန်းကဏ္ဍတွင် ခအုန်းမော် ကျေးရွာအုပ်စု၊ ဗောဓိကုန်းကျေးရွာမှ ကြီးကြပ်ရေးအဖွဲ့ကလည်းကောင်း၊ သမဝါယမကဏ္ဍတွင် ငအင်းကျေးရွာ ကြီးကြပ်ရေးအဖွဲ့ကလည်းကောင်း လုပ်ငန်းဆောင်ရွက်မှုအားသာချက်/အားနည်းချက်များနှင့် ပြုပြင်ဆောင်ရွက်သင့်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍကို ပလင်ကျေးရွာ၊ရဲကျွန်း(တောင်/မြောက်)ကျေးရွာ၊ စမုံတဲကျေးရွာ၊ နတ်ပြင်ကျေးရွာ၊ မွေးမြူ ရေးကဏ္ဍတွင် ကမားဝကျေးရွာ၊ သင်္ဂဇာကျေးရွာ၊ ငါးလုပ်ငန်းကဏ္ဍတွင် ပန်းဖဲကျေး၊ ခအုန်းမော်ဗောဓိကုန်းကျေးရွာနှင့် သမဝါယမကဏ္ဍတွင် ငအင်းကျေးရွာတို့ဖြစ်ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေကျပ်သိန်း(၄၁၆၈)ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)