မအီ အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းန်းခြင်းကို မအီနယ်မြေ ရဲစခန်းမိသားစု ယမန်နေ့နံနက် အရုဏ်တက်ချိန်က မအီနယ်မြေရဲစခန်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းန်းခြင်းကို မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်း၏ ဦးဆောင်မှုဖြင့် နယ်မြေရဲစခန်း တပ်ဖွဲ့ဝင်မိသားစုများက စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုပူဇော်ပြီး အင်တောင် ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးတရားတော်အား နာယူခဲ့ကြသည်။ ဆက်လက်ပြီး ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်ပဌာန်း တရားတော်များအား ရွတ်ပွားသရဇ္ဈာယ်ပူဇော်ခဲ့ကြပြီး နယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် တပ်ဖွဲ့ဝင်မိသားစုများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အင်တောင်ကျောင်းတိုက်၊ ပဓာန နာယကဆရာတော်ထံ၌ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်း နှင့် တပ်ဖွဲ့ဝင်မိသားစုများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝါဆိုသင်္ကန်းနှင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)